THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


August 2018 Events


ပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသု တေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် Delta Science Co., Ltd. မှ Technical Sales Leader, Dr. Anthony Lim က “Thermo fisher Confocal Microscope” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Product Manager, Ms. Audrey Lim က “Complete Workflow Solutions for Traditional and Reverse Transcription PCR” ခေါင်း စဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက သိလိုသည်များကို စိတ်ပါဝင် စားစွာ ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။



 


ဆေးသုတေသနဦးစီးဌာန ဒွါဒသမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပုံ

ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၏ ဒွါဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်(၁၃၈၀ ခုနှစ် ဒုတိယဝါဆိုလဆုတ် ၆ ရက်) နံနက် ၉:၄၅ နာရီတွင် ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ် ပဓာနနာယက ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) အမှူးပြုသော ပင့်သံဃာတော်(၁၀)ပါးတို့ ကြွရောက်တော်မူကြပြီး၊ ဆေးသုတေသနဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်သုတေသနပညာရှင် ညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာအောင်သန်းဘတူအမှူးပြုသော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီဥက္ကဌ ပါမောက္ခ ဒေါက်တာဖေသက်ခင်နှင့် အဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပါသည်။ ထို့နောက် ယောဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆရာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသည်။ ထို့နောက် ယောဆရာတော် အမှူးပြုသော သံဃာတော်များအား ပါမောက္ခ ဒေါက်တာအောင်သန်းဘတူနှင့်ဇနီး ဒေါက်တာခင်ခင်ထွေး၊ ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ ဧည့်ပရိသတ်များက ဝါဆိုသင်္ကန်း ၅၅ စုံ၊ သင်္ကန်း ခြင်း ၅ ခြင်း နှင့် လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းကြပါသည်။ ဆက်လက်၍ နဝကမ္မအလှူငွေနှင့် ဓမ္မစာပေပြန့်ပွားရေး အလှူတော်ငွေ စုစုပေါင်း (၆၇၇၀၀၀)ကျပ်ကို ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ပေးအပ်လှူဒါန်းရာ ကပ္ပိယကာရကအဖြစ် ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးက လက်ခံပါသည်။

ထို့နောက် ယောဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားတော်ကို နာယူကြပြီး ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မိသားစုနှင့် ဧည့်သည်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူက အခမ်းအနားအောင် မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုး ကြဲပက်ဖျန်း၍ ဧည့်ပရိသတ်များက “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များနှင့် ဝန်ထမ်းများအား ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံ ပါသည်။



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းအစည်းအဝေးကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဓမ္မာရုံကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးလုပ်ငန်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် သြဂုတ် ၇ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးခေါ်ယူရခြင်း မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဓမ္မာရုံတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ရေးအတွက် ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ လုပ်ငန်းတာဝန်များ ကြောင့်မလာရောက်နိုင်ကြောင်း၊ ယခင်နှစ်များကျင်းပခဲ့ချိန်များထက် ယခုနှစ်တွင်ကျင်းပရန် နောက်ကျလျက် ရှိနေကြောင်း၊ ဝန်ကြီးဌာနမှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ါဆိုသင်္ကန်း ကပ်လှူရေးအတွက် ရန်ကုန်မြို့ရှိ ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးရုံကြီးများမှ အားလုံးပူးပေါင်းကူညီကြလျက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ်များနှင့် ဆေးရုံကြီးများမှ ဓမ္မာရုံကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် များ တက်ရောက်ကြ၍ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(အုပ်ချုပ်/စီမံ) ဒေါက်တာနီသက်ဦး က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အခမ်းအနားအစီအစဉ်များကို ဖတ်ကြားပါသည်။ ထို့နောက် ကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍တင်ပြပြီး အတည်ပြုချက်များ ကိုရယူပါသည်။ ဆက်လက်၍ ပင့်သံဃာတော်များအတွက် သင်္ကန်းခြင်းနှင့် ဆွမ်းဟင်းလျာများကို တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက အဆိုပြုထည့်ဝင် လှူဒါန်းမှုပြုကြပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ယခင်နှစ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ရေး အစည်းအဝေးမှတ်တမ်းသည် မူကြမ်းဖြစ်၍ တက်ရောက်လာသူများက စိစစ်ပြီး ပြင်ဆင်ရန်လိုအပ်သည်များရှိပါက တင်ပြပေးကြရန်နှင့် ပြင်ဆင်အတည်ပြုပြီး သော မှတ်တမ်းကို ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲနေ့တွင် ဝန်ကြီးဌာနဓမ္မာရုံတွင် ပေးအပ်မှာဖြစ်ကြောင်းပြောကြား ပါသည်။ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓမ္မာရုံကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ၏ ၂၀၁၇ ခုနှစ် ကထိန်သင်္ကန်းကပ်လှူပြီး(၆-၈-၂၀၁၈) ရက် နေ့အထိ ရငွေသုံးငွေစာရင်း ရှင်းတမ်းကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အတည်ပြုကြပါသည်။ ဆက်လက်၍ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဓမ္မာရုံပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးက အသေးစိတ်ရှင်းလင်းတင်ပြပြီး နောက် တက်ရောက်လာသူများက အတည်ပြုကြပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးက ဝါတွင်းကာလ လပြည့်/လကွယ်ရက်များတွင် ဓမ္မာရုံ၌ သီလယူခြင်း၊ ဓမ္မစကြာ၊ ပဋ္ဌာန်း ရွတ်ဖတ်ခြင်းနှင့် သင်္ကန်း၊ ဆွမ်းကပ်လှူခြင်းတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် တက်ရောက် လာကြသောဌာနများ၊ ဆေးတက္ကသိုလ်များ၊ ဆေးရုံကြီးများမှ လာရောက်ပါဝင် ကုသိုလ်ယူကြရန် တင်ပြပါသည်။ ဆေးသုတေသနဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့ သို့တက်ရောက်လာကြသူများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဝါဆိုသင်္ကန်းကပ်လှူရေးအတွက် တက်ကြွစွာ ထည့်ဝင် လှူဒါန်းကြခြင်းအား ဝမ်းမြောက်မိပါကြောင်း၊ ဓမ္မာရုံပြင်ဆင်ခြင်းတွင် ထပ်မံလိုအပ်သည့် အတွင်းပိုင်း ပြင်ဆင်စရာများရှိပါက ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဓမ္မာရုံတွင် ဝါတွင်းပရိတ်ရွတ်ပွဲ အစီအစဉ်ကို တက္ကသိုလ်များ၊ ဦးစီးဌာနများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၂:၁၅ နာရီ တွင် ရုပ်သိမ်းလိုက်ပါသည်။



 


Orientation Meeting: EHSAP Year-3 DLIs Verifications

၂၀၁၈ ခုနှစ် သြဂုတ် ၁၀ ရက် နံနက် ၁၀:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာ စာကြည့်တိုက်အစည်းအဝေးခန်းမ(၁) ၌ Orientation Meeting: EHSAP Year-3 DLIs Verifications ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြား ရေးမှူးများ၊ ဆေးသုတေသနဦးစီးဌာန DLI Verification Team အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာ G. Seng Taung နှင့်အဖွဲ့ဝင်များ၊ Oversight Committee ဥက္ကဌ ဒေါက်တာ တင်ညွန့်နှင့်ဒေါက်တာခင်မွန်မွန်၊ မြန်မာနိုင်ငံအခြေစိုက် World Bank Group မှ ဒေါက်တာနန်းမိုခမ်း(Human Development Specialist) နှင့်အဖွဲ့ဝင်များ စုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက အဖွင့်အမှာစကားပြော ကြားရာတွင် DLI Verification လုပ်ငန်းကို ဆေးသုတေသနဦးစီးဌာနအနေဖြင့် နှစ်စဉ်တာဝန်ယူဆောင်ရွက် ပေးရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုနှစ်အတွက် ကွင်းဆင်းဆောင်ရွက်ရန် အဖွဲ့(၁၅) ဖွဲ့ကို ဖွဲ့စည်း ပေးပြီးဖြစ်ပါကြောင်း၊ ယခုပြုလုပ်သောအစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်းပြောကြားပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ G. Seng Taung က ကျေးဇူးတင်စကားပြောကြားပါသည်။ ဆက်လက်၍ ဒေါက်တာနန်းမိုခမ်းက "Introduction to World Bank, Essential Health Services Access Project and Independent Verification" အကြောင်းကိုလည်းကောင်း၊ Team Member ဒေါက်တာမျိုးမျိုးမွန်က "Last year Experiences (Methodology, Process, Success and Challenges)" ကိုလည်းကောင်း၊ ဒေါက်တာစည်သူ က "DLI Reporting Status & Next Steps" ကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြရာ Oversight Committee ဥက္ကဌ ဒေါက်တာတင်ညွန့်နှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Central Verification နှင့် Training တို့ကို စက်တင်ဘာလတွင် ပြုလုပ်ရန်၊ Oversight Committee အစည်းအဝေးကို စက်တင်ဘာလဆန်းတွင် ပြုလုပ်ရန် သတ်မှတ်ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပပြုလုပ်

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) နှင့် ဗဟုသုတမျှဝေခြင်းအစီ အစဉ် (Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာဟောပြောပွဲ အခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ဆေးဘက်ဆိုင်ရာကိမိလဗေဒသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး၊ ဒေါက်တာမြနီလာချောစုက သဘာပတိ အဖြစ်လည်းကောင်း၊ ဆေးဝါးဗေဒသုတေ သနဌာနခွဲမှ သုတေသနလက်ထောက်(၂) ဒေါ်သီရိလှိုင်က အခမ်းအနားမှူး အဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲတွင် ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ရောဂါဗေဒ သုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာနန္ဒာကိုက “Blood Transfusion ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးဝါးဗေဒ သုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါ်ဝေမီအောင်က “Paracetamol Poisoning” ခေါင်းစဉ်ဖြင့်လည်း ကောင်းတင်ပြခဲ့ရာ တက်ရောက်လာသူ ဝန်ထမ်းများက သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ ဟောပြောပွဲသို့ ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း(၁၀၉) ဦး တက်ရောက်ခဲ့ကြပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် ဝါခေါင်လဆန်း ၇ ရက် (စနေနေ့) ၂၀၁၈ ခုနှစ် သြဂုတ် ၁၈ ရက် နံနက် ၉:၃၀ နာရီ တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း အမှတ်(၂၄)ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီး ဝဇီရသိဒ္ဓိကျောင်းတိုက်၊ တိုက်အုပ်ဆရာ တော် ဦးဝေပုလ္လ အမှူးပြုသော ပင့်သံဃာတော်(၁၀)ပါးတို့ ကြွရောက်တော်မူကြပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ် များ၊ ဆေးရုံကြီးများ၊ တိုင်းဦးစီးဌာနများ၊ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ ခြောက်ထပ်ကြီးဘုရားကြီး ဝဇီရသိဒ္ဓိကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် ပရိတ် တရားတော်များကို နာယူပူဇော်ကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာနိုင်ငံဆေး ပညာရှင်အဖွဲ့ဥက္ကဌ ပါမောက္ခ ဒေါက်တာနေဝင်းက လည်းကောင်း၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ကိုယ်စား မြန်မာနိုင်ငံဆရာဝန်အသင်းဒုတိယဥက္ကဌ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ပြုံးကြည်က လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကိုယ်စား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်ကလည်းကောင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များ၊ ဆေးရုံကြီးများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့မှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ယင်းနောက် နဝကမ္မအလှူတော်ငွေ ကျပ်သုံးသိန်းကို ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာလှမိုးက ကပ္ပိယကာရကအဖြစ် လက်ခံရယူပါသည်။ ဆက်လက်၍ ခြောက်ထပ်ကြီး ဘုရားကြီး ဝဇီရသိဒ္ဓိကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဦးဝေပုလ္လထံမှ အနုမောဒနာတရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီး တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား ထောပတ်ထမင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။


သတင်းအချက်အလက်နည်းပညာရပ်ဆိုင်ရာအဖွဲ့ အစည်းအဝေးကျင်းပခြင်း

၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် သတင်းအချက်အလက်နည်းပညာရပ်ဆိုင်ရာအဖွဲ့ ၏၂၀၁၈ ခုနှစ် ပထမအကြိမ်အစည်းအဝေးကို လူမှုဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန)များ ဖြစ်ကြသော ဒေါက်တာလှိုင်မြတ်သူ၊ ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနပညာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က အစည်းအဝေးခေါ်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ထားချက်များအား အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်များ က DMR Website နှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်လျာထားချက်များကို အသီးသီး တင်ပြကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝင်းပပနိုင်က မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ(MHRC) သီးသန့်အင်တာနက်ဝက်ဘ်ဆိုက် (website)နှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေကို တင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် များက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး အစည်းအဝေးကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပ

၂၀၁၈ ခုနှစ် သြဂုတ် ၂၄ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာပတိအဖြစ် ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးက ဆောင်ရွက်ပြီး အမှာစကားပြောကြားပါသည်။ ထို့နောက် အရည်အသွေးထိန်းသိမ်း ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ ဌာနခွဲမှူး ဒေါက်တာယဉ်မင်းထွန်းက "Scientific visit on Electron Microscope Handling" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သွေးအစီအစဉ်ဌာနခွဲမှ သုတေသနမှူး ဒေါက်တာ မင်းမင်းဝင်းက "Training of Electron Microscope Handling" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောတင်ပြကြရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။


အဆိပ်သင့်ခြင်းဆိုင်ရာကုသမှု (Management of Common Poisoning oin Myanmar) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာစကားပြောကြား

၂၀၁၈ ခုနှစ် သြဂုတ် ၂၅ ရက် နံနက် ၈:၃၀ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံတွင်အဖြစ်များသည့် အဆိပ်သင့်ခြင်းဆိုင်ရာ ကုသမှုဆရာဖြစ်သင်တန်း (Training of Trainers on Management of Common Poisoning in Myanmar) ဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး အဆိပ်သင့်ခြင်း (Pesticide Poisoning) နှင့် ပတ်သက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က အဆိပ်သင့်ရောဂါများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ဝင်းက"National Poison Control Centre, Department of Medical Research" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သုတေသနမှူး ဒေါက်တာခင်နှင်းပွင့်က "Role of Laboratory in the Management of Poisoning" ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးရာ တက်ရောက် လာသူများက မေးမြန်းသည်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ဝင်းနှင့် သုတေသနမှူး ဒေါက်တာခင်နှင်းပွင့်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

အဆိုပါသင်တန်းအား ဆေးသုတေသနဦးစီးဌာနမှ ဇီဝအဆိပ်ဗေဒသုတေသနဌာနခွဲနှင့် ဆေးဝါးဗေဒ သုတေသနဌာနခွဲ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ အဆိပ်သင့်ဌာန၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)နှင့် ဆေးတက္ကသိုလ် (မန္တလေး) တို့မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) များ၊ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များက သင်တန်းပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုမှ ဆေးပညာအထူးကုဆရာဝန်များနှင့် လက်ထောက်ဆရာဝန်များ၊ စုစုပေါင်းသင်တန်းသား (၃၂) ဦး တက်ရောက်လျက်ရှိပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး အဆိပ်သင့်ဌာနမှ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်

သုတေသနစွမ်းအားမြှင့်တင်ခြင်း (Research Capacity Strengthening) နှင့် ဗဟုသုတမျှဝေခြင်းအစီ အစဉ်(Knowledge Sharing Program) အရပညာရပ်ဆိုင်ရာဟောပြောပွဲ အခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါ်ဖြူဖြူဝင်းက သဘာပတိအဖြစ်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂) ဒေါ်သီရိလှိုင်က အခမ်းအနားမှူး အဖြစ်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ ကိရိယာပြုပြင် ထိန်းသိမ်းရေးဌာနခွဲ မှ ဦးစီးအရာရှိ ဦးခိုင်ဝင်းက “ The first Step of Medical Engineering in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသန လက်ထောက်(၂) ဒေါ်မို့မို့လွင်က “Different Types of Water Used in Laboratory” ခေါင်းစဉ်ဖြင့်လည်းကောင်းတင်ပြခဲ့ရာ တက်ရောက်လာသူ ဝန်ထမ်းများက သိလိုသည်များကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များကလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါဟောပြောပွဲသို့ ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း (၇၁)ဦး တက်ရောက်ခဲ့ကြပါသည်။


နည်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း

၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် မြန်မာနိုင်ငံ ဥက္ကာသီရီကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီ ဖြစ်သော ဂျာမနီနိုင်ငံအခြေစိုက် Eppendorf Co., Ltd. တို့ပူးပေါင်းစီစဉ်သည့် နည်းပညာရပ်ဆိုင်ရာဟောပြော ပွဲကို ဆေးသုတေသနဦးစီးဌာန လူမှုဆေးပညာ သုတေသန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦး စွာ ဂျာမနီနိုင်ငံ Eppendorf Co., Ltd. မှ Regional Manager, Mr. Koh Seng Fook (Adrian Koh) က PCR and Molecular biology related product, Eppendorf pipettors and tips- factures and hand on နှင့်ပတ်သက်သော ဓာတ်ခွဲခန်းနည်းပညာရပ်ဆိုင်ရာအကြောင်းကို ဟောပြောတင်ပြရာ တက်ရောက်လာကြ သူများက စိတ်ပါဝင်စားစွာဖြင့် သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးများ၊ သုတေသီပညာရှင် များ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


ပညာရပ်ဆိုင်ရာ လက်တွေ့သရုပ်ပြ နည်းပညာနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်

၂၀၁၈ ခုနှစ် သြဂုတ် ၃၀ ရက် နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံ Azule Global Co., Ltd. နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော ဂျာမနီနိုင်ငံအခြေစိုက် Merck Millipore Limited ၏Regional Head Office ဖြစ်သော Merck Milipore, Thailand မှ "Cell Culture & Protein Work Flow" ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ လက်တွေ့ သရုပ်ပြ နည်းပညာနှီးနှောဖလှယ်ပွဲကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဌာန IT Training Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် Merck Millipore,Thailand မှ Ms. Pattira Chonlaket (Technical Support) က Merck Overview နှင့် Basic Principles of Protein Workflow ကိုလည်းကောင်း၊ Ms. Supattra Paveekittiporn (Overseas Sales Executive) က Protein Research Trick &Tips Technique နှင့် Safety Training ကိုလည်းကောင်း၊ Ms. Khemrada Chaiwichian(Inside Sales Executive) က Flow Cytometry Basics and Applications in Research, MUSE Analyzer: Highly Simplify Cellular Analysis တို့ကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ ကြပြီး၊ လက်တွေ့သရုပ်ပြသခြင်းကို အဆင့်မြင့် မော်လီကျူး သုတေသနဌာန၊ မော်လီကျူးနည်းပညာအသုံးချ ရေးဌာနခွဲရှိ ဓာတ်ခွဲခန်းတွင်ပြုလုပ်ရာ တက်ရောက်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲကို သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက် နှစ်ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးများ၊ သက်ဆိုင်ရာ သုတေသီပညာရှင်များ (၃၅) ဦးခန့် တက် ရောက်ခဲ့ကြပါသည်။


ASEANFOODS Regional Centre မှ Dr. Prapasri Puwastien နှင့်အဖွဲ့လာရောက်

၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူသည် ASEANFOODS Regional Centre မှ Dr. Prapasri Puwastien ဦးဆောင်သောအဖွဲ့အား ဇီဝဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးများ၊ အာဟာရဓာတ်သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာမို့မို့လှိုင်နှင့် သက်ဆိုင်ရာသုတေသီများ၊ ASEANFOODS Regional Centre မှ Dr.Kunchit Judprasong နှင့် Mr. Piyanut Sridonpai တို့တက်ရောက်ကြ၍ ဆေးသုတေသနဦးစီးဌာနတွင် စက်တင်ဘာ (၃) ရက်မှ(၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် "ILSI SEA Region & ASENFOODS FOODCOMP Training Course 2018: Development and Evaluation of Quality Food Composition Database" သင်တန်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သင်တန်းပြုလုပ်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။