THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


August 2020 Events


COVID-19 လူနာများအား ကုသရန်အတွက် သွေးရည်ကြည်များ လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ဂုဏ်ပြုခြင်း

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၃ ရက် နံနက် ၉ နာရီတွင် COVID-19 လူနာများအား ကုသရန်အတွက် သွေးရည်ကြည်များ လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားရာတွင်

- မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကို ယခုနှစ် မတ်လတွင် စတင်တွေ့ရှိခဲ့ပြီး ရောဂါသစ်ဖြစ်သည့်အတွက် ကုသရန် သီးသန့်ကုထုံး မရှိသဖြင့် လူနာများအား ကုသမှု အကောင်းဆုံးပေးနိုင်ရေးအတွက် ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ ပါကြောင်း၊

- ပညာရှင်များက ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကုသမှုများနှင့် သက်သာပျောက် ကင်းမှု အခြေအနေများကို လေ့လာခဲ့ပြီး မိမိထံသို့ တင်ပြလာခဲ့ပါကြောင်း၊

- မိမိတို့နိုင်ငံတွင် COVID-19 ကို ကုသမှု ပိုမိုထိရောက်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှု နည်းပါးစေရေးအတွက် သွေးရောဂါပညာရှင် ပါမောက္ခဒေါက်တာရဲမြ ဦးဆောင်သော အဖွဲ့အနေဖြင့် ကုသမှုသုတေသနပုံစံဖြင့် ဆောင်ရွက်ရန်" ပြန်လည် သက်သာ ကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့် COVID-19 ပိုးတွေ့လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့" ကို (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

- ယခုအချိန်အထိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါပြင်းထန်သော COVID-19 လူနာ (၈) ဦးကို အဆိုပါ သွေးရည်ကြည်သွင်း ကုသမှုဖြင့် အောင်မြင်စွာ ကုသပေးနိုင် ခဲ့ပါကြောင်း၊

- ထိုသို့ ကုသမှုပေးနိုင်ရေး၊ လူနာများ၏ အသက်ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆေးပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

- "COVID-19 မှ ပြန်လည်သက်သာ ကောင်းမွန်ခဲ့သူများ" ၏ သွေးရည်ကြည်တွင် COVID-19 ကို တိုက်ဖျက်နိုင်သောပဋိပစ္စည်း (Antibody) များ ပါဝင်ပြီး COVID-19 လူနာများအား အဆိုပါသွေးရည်ကြည်ဖြင့် ကုသခြင်း ဖြစ်ပါကြောင်း၊

- ယခုကဲ့သို့ ကိုယ်တိုင် COVID-19 ရောဂါကို ဖြစ်ပွားခံစားခဲ့ရပြီး ပြန်လည် သက်သာခဲ့ သူများအနေဖြင့် ကိုယ်ချင်းစာစိတ်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာဖြင့် သွေးရည်ကြည် ကို လှူဒါန်းခဲ့သည့်အပေါ် မိမိအနေဖြင့် ကျေးဇူးတင် ဂုဏ်ယူလေးစားပါကြောင်း၊

- ထိုသို့ကုသမှုများအပြင် ဆေးသုတေသနဦးစီးဌာန အနေဖြင့်လည်း COVID-19 ကို ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံး (Whole Genome Sequences) ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊

- လက်ရှိ၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပျံ့နှံ့နေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုလည်း စစ်ဆေးရန် လုပ်ဆောင်လျက် ရှိပါကြောင်း၊

- Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှု ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွား ခြင်း မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်လျက် ရှိပါ ကြောင်း၊

- COVID-19 ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ပုံသေဆောင်ရွက်၍ မရဘဲ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဍာန်၊ ရောဂါပိုး၏ ပြုမူပုံ သဘောသဘာဝ၊ တွေ့ရှိချက် အသစ်များနှင့် မိမိတို့တွင်ရှိသော အရင်းအမြစ်များအားလုံးတို့ကို ချိန်ထိုးစဉ်းစားကာ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

- COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေသူ တစ်ဦးချင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ထို့နောက် "ပြန်လည်သက်သာ ကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည် ကြည်ဖြင့် COVID-19 ပိုးတွေ့ လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် Ad hoc အကြံပေးအဖွဲ့" ၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက

- COVID-19 သက်သာပျောက်ကင်း သွားသူများ၏ သွေးရည်ကြည်ဖြင့် ကုသမှုပေးရန် အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာတွင် ကုသမှုပေးနေပုံများကို အမြဲလေ့လာနေပြီး ကုသမှု ဆောင်ရွက်ရာ တွင် "ဆေးပညာကျင့်ဝတ်" များနှင့် အညီဖြစ်စေရေး အလေးထား ဆောင်ရွက် ရကြောင်း၊

- COVID-19 ကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်း (Neutralizing antibody) များသည် ရောဂါလက္ခဏာ ပြင်းထန်ခဲ့သည့် လူနာများ၏ သွေးရည်ကြည်တွင်သာ ပမာဏ လုံလောက်စွာ ပါဝင်နိုင်သဖြင့် အဆိုပါလူနာဟောင်းများထံမှ သွေးရည်ကြည်များကို အလှူခံ ရယူခဲ့ပါကြောင်း၊

- ယခုအချိန်အထိ ရောဂါပြင်းထန်ခဲ့ပြီး အသက် အန္တရာယ်ရှိနိုင်သည့် COVID-19 လူနာ (၈) ဦးအား သွေးရည်ကြည်ကုထုံးဖြင့် အောင်မြင်စွာ ကုသမှု ပေးနိုင်ခဲ့ပါကြောင်း၊

- အဆိုပါလူနာ (၈) ဦးတွင် အသက်အရွယ်ကြီးသူများ၊ သွေးတိုး၊ ဆီးချိုရောဂါ အခံရှိသူ များ၊ ကိုယ်အင်္ဂါ အစားထိုးထားသူများ၊ ကိုယ်အင်္ဂါ လှူဒါန်းထားသူများနှင့် လမစေ့ သေးသည့် ကိုယ်ဝန်ဆောင်တို့ ပါဝင်ပါကြောင်း၊

-ကိုယ်ဝန်ဆောင်လူနာကို လမစေ့သေးသော်လည်းရောဂါသက်သာလာချိန်တွင် ခွဲစိတ်မွေးဖွားမှု ပြုလုပ်ခဲ့ပြီး နောက်တစ်လအကြာ ပြန်လည်ပြသရာတွင် မိခင်ရော၊ ကလေးပါ ကျန်းမာကြောင်းကိုလည်း အလှူရှင်များ ဝမ်းမြောက်စေရန် ပြောကြား လိုပါကြောင်း၊

- လူနာများကို ကုသမှုပေးရာတွင် ဆေးပညာဘာသာရပ် အသီးသီးမှ ပညာရှင်ကြီးများ အားလုံး စုစည်းဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊

- သွေးရည်ကြည်တွင် ပဋိပစ္စည်းပါဝင်မှု အခြေအနေကို တိုင်းတာနိုင်သည့် စက်နှင့် သွေးရည်ကြည်နှင့် သွေးနီဥ သီးခြားခွဲထုတ်ရယူနိုင်သည့် စက်များလိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ဖြည့်ဆည်းပေးခဲ့သဖြင့် ယခုအခါ ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

- မွန်မြတ်သော စေတနာများဖြင့် သွေးရည်ကြည်များ လှူဒါန်းခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ပါမောက္ခဒေါက်တာရဲမြတို့က သွေးရည်ကြည်များ လှူဒါန်းခဲ့သူများကို ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ပါသည်။

ဆက်လက်၍ သွေးရည်ကြည် အလှူရှင်များ၏ကိုယ်စား ဦးပြည့်စုံအောင်နှင့် ဒေါက်တာမြင့်မြင့်စိန်တို့က ပီတိဝမ်းမြောက်စကား ပြောကြားရာတွင်

- မိမိတို့ကိုယ်တိုင် COVID-19 ရောဂါ ဖြစ်ပွားခံစားခဲ့ရသူများ ဖြစ်သဖြင့် ကိုယ်ချင်း စာနာစိတ်ဖြင့် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

- COVID-19 ရောဂါခံစားရချိန်၊ အသက်ဘေးအန္တရာယ် ရှိနိုင်ချိန်တွင် ကိုယ်ပိုင်း ဆိုင်ရာ ဝေဒနာကိုသာမက စိတ်အားငယ်မှုများလည်း ကြုံတွေ့ခဲ့ရပါကြောင်း၊

- ရောဂါဖြစ်ပွားချိန်တွင် ပစ်ပယ်မထားဘဲ ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ ဆေးကုသမှု ပေးခြင်းနှင့် သက်သာပျောက်ကင်းပြီးနောက် အသွားအလာ ကန့်သတ်ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အစိုးရ၊ ဦးဆောင်လမ်းညွှန်မှု ပေးသည့် ပြည်ထောင်စုဝန်ကြီး၊ ကုသမှုပေးသည့် ပါမောက္ခကြီးများ၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန် များ၊ သူနာပြုများ၊ ဓာတ်ခွဲပညာရှင်များနှင့် အသွားအလာ ကန့်သတ်ရာတွင် ပံ့ပိုး ဆောင်ရွက်ပေးသူများ တစ်ဦးမကျန် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသုတေသန ဦးစီးဌာနရှိ အဆင့်မြင့်မော်လီကျူး သုတေသနဌာန (Advanced Molecular Research Center) သို့ သွားရောက်ကာ မော်လီကျူးနည်းပညာ အသုံးချဌာနခွဲနှင့် ဇီဝနည်းပညာ အချက်အလက်နည်းပညာဌာနခွဲတို့မှ COVID-19 ဓာတ်ခွဲစစ်ဆေးမှု များနှင့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာမှု ပြုလုပ်နေသည် များကို လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြပါသည်။


Training Workshop on Essentials of Statistics for Health Research အလုပ်ရုံဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ခြင်း

၂၀၂၀ပြည့်နှစ် သြဂုတ် (၁၇) ရက် နံနက် ၉:၃၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သည့် Training Workshop on Essentials of Statistics for Health Research အလုပ်ရုံ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ ဆေးသုတေသန ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး၊ သင်တန်းဆရာနှင့် သင်တန်းကြီးကြပ်သူများ စုစုပေါင်း (၅၅) ဦး တက်ရောက်ကြ ပါသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ သင်တန်းသားများ စာရင်းအင်း ပညာ အခြေခံသဘောတရားများနှင့် လက်တွေ့နည်းပညာများကို ပိုမိုသိရှိနားလည်ပြီး သုတေသနလုပ်ငန်းများတွင် စနစ်တကျ ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ သုတေသီများက SPSS Software ကို အသုံးပြု၍ စာတွေ့လက်တွေ့ (၃) ရက်တိုင် သင်ကြားပြသပါသည်။

သြဂုတ်လ (၁၉) ရက် မွန်းလွဲ ၃:၃၀ နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး (အထွေ ထွေစီမံခန့်ခွဲရေး) တို့က သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားကို မွန်းလွဲ ၄:၀၀ နာရီတွင် ရုတ်သိမ်းပါသည်။


သွေးရည်ကြည် (Convalescent Plasma) ဖြင့် COVID-19 လူနာများအား ကုသခြင်းကိစ္စ နှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအား မီဒီယာများကို ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပခြင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀:၁၅ နာရီတွင် သွေးရည်ကြည် (Convalescent Plasma) ဖြင့် COVID-19 လူနာများအား ကုသခြင်းကိစ္စ နှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များအား မီဒီယာများကို ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပါသည်။ အခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ သွေးရည်ကြည် (Convalescent Plasma) ဖြင့် COVID-19 လူနာများအား ကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြ၊ ဆေးတက္ကသိုလ် (၁) သွေးရောဂါဌာန၊ ပါမောက္ခ/ဌာနမှူး (အငြိမ်းစား) ဒေါက်တာထွန်းလွင်ငြိမ်း၊ အမျိုးသား သွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်၊ ဆေးတက္ကသိုလ် (၂) အပူပိုင်း/ကူးစက်ရောဂါပညာဌာန ဝေဘာဂီကူးစက်ရောဂါကုဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာစပယ်ဖြူနှင့် တာဝန်ရှိသူများ၊ မီဒီယာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၏ သတင်းမီဒီယာများသို့ ပေးပို့သော သတင်းစကားကို ပြောကြားပြီး သွေးရည်ကြည်ဖြင့် COVID-19 လူနာများအား ကုသရေး Ad-hoc အကြံပေး အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြ၏ biography ကို မိတ်ဆက်ပြောကြားပါသည်။ ထို့နောက် ပါမောက္ခဒေါက်တာရဲမြက သွေးရည်ကြည် (Convalescent Plasma) ဖြင့် COVID-19 လူနာများအား ကုသခြင်းကိစ္စနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် ရှေ့ လုပ်ငန်းစဉ်များအား မီဒီယာများကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အတွင်း SARA-CoV-2 ၏ မျိုးရိုးဗီဇ ပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်တို့က ရှင်းလင်း ပြောကြားကြပါသည်။ ထို့နောက် သတင်းမီဒီယာများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး အခမ်းအနားကို နေ့လည် ၁၂:၁၅ နာရီတွင် ရုတ်သိမ်းပါ သည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ အလှူငွေများ စုပေါင်းလှူဒါန်းခြင်း

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ အား ဂုဏ်ပြုသောအားဖြင့် မွေးနေ့အလှူနှင့် မိသားစုများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁,၁၁၁,၀၀၀/- (ကျပ်တစ်ဆယ့်တစ်သိန်း တစ်သောင်းတစ်ထောင်တိတိ) ကို လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၄:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ ဒေါ်စန္ဒာထွန်းနှင့် အလှူရှင်များ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်၊၊ ရှေးဦးစွာ မွေးနေ့အလှူရှင် ဒေါ်စန္ဒာထွန်းနှင့်် အလှူရှင်များက အလှူငွေ ကျပ်တစ်ဆယ့်တစ်သိန်း တစ်သောင်းတစ်ထောင်တိတိကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်က ကျေးဇူး တင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ Kham Le Family Co., Ltd မှ အလှူငွေများလာရောက်လှူဒါန်း

Kham Le Family Co., Ltd က Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေ သနဦးစီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေ ၂,၀၀၀,၀၀၀/- (ကျပ်သိန်း နှစ်ဆယ်တိတိ) ကို လှူဒါန်းသည့် အခမ်းအနားအား ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ Kham Le Family Co., Ltd မှ ဒေါ်နန်းမေးသိန်းကြည်နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်၊၊ ရှေးဦးစွာ Kham Le Family Co., Ltd မှ ဒေါ်နန်းမေးသိန်းကြည် နှင့် တာဝန်ရှိသူများက အလှူငွေ ကျပ်သိန်းနှစ်ဆယ်တိတိကို ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပါသည်။


ဆေးသုတေသနဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း ဆောင်ရွက်သည့် “ဘဏ္ဍာရေးဆိုင်ရာ အခြေခံစာရင်းသွင်းခြင်းနှင့် Template အသုံးပြု၍ လစဉ်အစီရင်ခံစာ စာရင်းသွင်းခြင်း” သင်တန်းပို့ချခြင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက် (အင်္ဂါနေ့) နံနက် ၉:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း ဆောင်ရွက်သည့် “ဘဏ္ဍာရေးဆိုင်ရာ အခြေခံစာရင်းသွင်းခြင်းနှင့် Template အသုံးပြု ၍ လစဉ်အစီရင်ခံစာ စာရင်းသွင်းခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန ရုံးချုပ်၌ ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာ ဇော်မြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဒေါက်တာဟန်ဝင်းနှင့် ညွှန်ကြားရေးမှူး (အထွေထွေ စီမံခန့်ခွဲရေး) ဒေါက်တာတင်ဦး၊ ကမ္ဘာ့ဘဏ်၏ နည်းပညာဖွံ့ဖြိုးမှုအစီအစဉ်မှ Senior Health Specialist ဒေါက်တာနန်းမိုခမ်း၊ Consultant များဖြစ်ကြသော ဒေါ်မြမြစီ၊ ဒေါ်သန္တာဆွေ၊ ဒေါ်စောသုနန္ဒာနှင့် ဦးစိုင်းနေလင်း၊ ဆေးသုတေသနဦးစီးဌာန၏ ဘဏ္ဍာရေးဌာနခွဲ၊ စီမံကိန်းဌာနခွဲ၊ စစ်ဆေးရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ၊ အထွေထွေစီမံခန့်ခွဲရေးဌာနခွဲတို့မှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူးများနှင့် သင်တန်း သား/သူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ကြပါသည်။ ဖွင့်ပွဲအခမ်းအနား အပြီးတွင် တက်ရောက်သူများ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပါသည်။

"ဘဏ္ဍာရေးဆိုင်ရာ အခြေခံစာရင်းသွင်းခြင်းနှင့် Template အသုံးပြု၍ လစဉ် အစီရင်ခံစာ စာရင်းသွင်းခြင်း" သင်တန်းကို သြဂုတ် ၁၁ ရက်မှ ၁၃ ရက်ထိ သုံးရက်တိုင် ကမ္ဘာ့ဘဏ်၏ နည်းပညာဖွံ့ဖြိုးမှုအစီအစဉ်မှ တာဝန်ရှိသူများက စာတွေ့လက်တွေ့ ဆွေးနွေးသင်ကြား ပို့ချကြပါသည်။

သြဂုတ်လ ၁၃ ရက် မွန်းလွဲ ၃:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်၏ နည်းပညာဖွံ့ဖြိုးရေးအစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်သည့် “Training Course on Government Accounting and Reporting Standards & Template” သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း တက်ရောက်၍ အမှာစကား ပြောကြား ပါသည်။ ဆက်လက်၍ ကမ္ဘာ့ဘဏ်၏ နည်းပညာဖွံ့ဖြိုးမှု အစီအစဉ်မှ ဘဏ္ဍာရေး နည်း ပညာအကြံပေး ဒေါ်မြမြစီက အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အကြံပေး ဒေါ်မြမြစီတို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ကြပါသည်။ ထို့နောက် သင်တန်းတက်ရောက်သူများကိုယ်စား ဒေါ်စုစု၊ ဦးစီးအရာရှိ (ဘဏ္ဍာရေး) ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) က ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်း အနားကို မွန်းလွဲ ၄:၀၀ နာရီတွင် ရုတ်သိမ်းပါသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ TEBA Electrical and Power Co., Ltd. မှ Surgical Mask များ လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက် နံနက် ၁၁:၀၀ နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ TEBA Electrical and Power Co., Ltd. က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျပ် သိန်းတစ်ရာ့နှစ်ဆယ် တန်ဖိုးနှင့် ညီမျှ သော Surgical Mask အခုတစ်သိန်းခွဲကို ပေးအပ်လှူဒါန်းသည့် အခမ်းအနားအား ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် TEBA Electrical and Power Co., Ltd. မှ တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu က အမှာစကားပြောကြားပြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူး တင် ဝမ်းမြောက်စကား ပြောကြားပါသည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ TEBA Electrical and Power Co., Ltd. မှ အထွေထွေမန်နေဂျာ Mr. Liu Zhi Fei က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပါသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် အထွေထွေမန်နေဂျာ Mr. Liu Zhi Fei တို့က ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ ကျပ်သိန်း တစ်ရာ့နှစ်ဆယ် တန်ဖိုးနှင့် ညီမျှသော Surgical Mask အခုတစ်သိန်းခွဲကို ပေးအပ် လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပါသည်။ ထို့နောက် စုပေါင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနား ကို နံနက် ၁၁:၄၅ နာရီတွင် ရုတ်သိမ်းပါသည်၊၊ အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပါသည်၊၊